ကချင်ကိုဦးတည်တဲ့ စစ်တပ်ယာဉ်တန်းကို​ တော်လှန်​ရေးတပ်​တွေ တိုက်ခိုက် | People's Spring

People's Spring

People's Spring

29,289 views

ကချင်ကိုဦးတည်တဲ့ စစ်တပ်ယာဉ်တန်းကို​ တော်လှန်​ရေးတပ်​တွေ တိုက်ခိုက်

အောက်တိုဘာ-၁၂၊ ၂၀၂၆။ People’s Spring

ကချင်ပြည်နယ်ကို စစ်ကူနဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၀ရက်က မန္တလေးကနေ ထွက်လာတဲ့ ကားအစီး​ရေ ၁၃၃ စီးပါ စစ်တပ်ယာဉ်တန်းဟာ အောက်တိုဘာ ၁၁ရက် မနေ့က ကသာမြို့အဝင်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ယာဉ်တန်းပါ ဒရုန်းကား၂စီး မီးလောင်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မနေ့ ညပိုင်းမှာ   စစ်တပ်ယာဉ်တန်းရဲ့ရှေ့ဆုံးကားတွေ ကချင်ပြည်နယ် မိုးညှင်းမြို့ထဲ ဝင်ရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

ကချင်ပြည်နယ်ကို စစ်တပ်က ကုန်းလမ်း၊ရေလမ်း စတဲ့ လမ်းကြောင်းမျိုးစုံကနေ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ကလည်း စစ်တပ်ရဲ့ စစ်ကူဖြည့်တင်းမှုတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်​​နေပါတယ်။  

အခုဝင်လာတဲ့ စစ်တပ်ယာဉ်တန်းမှာ ပါလာတဲ့ တပ်သားတွေထဲမှာ စစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားသစ်တွေ အများစုပါလာနိုင်ကြောင်းလည်း သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

စစ်တပ်ဟာ သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းကလည်း ကချင်ပြည်နယ် ဗန်းမော်ကို ရေကြောင်းကနေ စစ်ကူ၊ လက်နက် ခဲယမ်း ရိက္ခာတွေဖြည့်တင်းဖို့ ကြိုးပမ်းခဲ့ရာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့်အထိနာခဲ့ပါတယ်။

ဩဂုတ်လကုန်နဲ့ စက်တင်ဘာ တိုက်ပွဲတွေအတွင်း ရွှေကူ-ဗန်းမော်ကြား ရေကြောင်း တိုက်ပွဲမှာ စစ်တပ်သင်္ဘော အစီး ၂၀ ခန့်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ သင်္ဘောအချို့ ကမ်းကပ် အလံဖြူထောင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၈ဦးထက်မနည်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တာပါ။

လက်ကျန်သင်္ဘောအချို့ ဗန်းမော်ကို ရောက်သွားလို့ စစ်တပ်က စစ်အင်အားအထိုက်အလျောက်ဖြည့်တင်းနိုင်ခဲ့ပြီး အဲဒီ​နောက်ပိုင်း ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်​​​နေပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ဒေသ စစ်မျက်နှာမှာ နည်းမျိုးစုံနဲ့ အင်အားဖြည့်တင်းတာ၊ လူသစ်စုဆောင်းတာ၊ ပေါ်တာ ဆွဲတာတွေပိုလုပ်နေသလို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ထပ်မံဖွဲ့စည်း​ပေးပြီး ​အင်အားပိုကြီးထွား​အောင်လုပ်​နေတာ​တွေ့ရပါတယ်။
=====

အင်း​တော်နယ်ကို စစ်တပ်ဗုံးကြဲမှု က​လေးငယ်နှစ်ဦး​ သေဆုံး

အောက်တိုဘာ-၁၂၊ ၂၀၂၆။ People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မဲဇာရွာအနီး တိုက်ပွဲပြင်းထန်‌နေချိန်မှာ စစ်တပ်က တိုက်ပွဲနဲ့ မဆိုင်တဲ့ လူနေကျေးရွာကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားပါတယ်။

အောက်တိုဘာ ၁၀ရက်မှာ မဲဇာရွာအနီးက နတ်ရေတွင်းရွာကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ၊ဒရုန်းနဲ့ပါ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နတ်ရေတွင်းရွာပတ်ဝန်းကျင်ကို စစ်ကြောင်းဝင်လာပြီး အဲဒီစစ်ကြောင်းကို ကာဖို့အတွက် ဒရုန်းနဲ့ ဗုံးကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နတ်ရေတွင်းရွာက အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးလည်း သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရွှေဘို- မြစ်ကြီးနားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ မဲဇာရွာကို အောက်တိုဘာလဆန်းပိုင်းမှာ စစ်ကြောင်း​တွေ ထပ်မံဝင်ရောက်လာပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား​နေပါတယ်။

မြေပြင်စစ်ကြောင်းမှာ အင်အား ၁,၀၀၀ ကျော်ပါဝင်ပြီး လေကြောင်းကနေလည်း မကြာခဏဗုံးကြဲနေတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၁ရက် မနေ့က ညနေပိုင်းမှာ စစ်တပ်စစ်ကြောင်းက ပါအောရွာနဲ့ စက်တောကုန်းအထိ ရောက်နေတယ်လို့ သိရပါတယ်။

စက်တောကုန်းရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ၂၃ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား အမျိုးသားငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်တပ်ကတော့ လေကြောင်းကနေ မကြာခဏဗုံးကြဲနေတယ်လို့ သိရတာပါ။

လက်ရှိမှာ ကသာ-ထီးချိုင့်အမှတ်(၃)ကားလမ်းကို စစ်တပ်က အသုံးပြုနေပြီး စစ်တပ်ယာဉ်တန်းတွေကို တိုက်ခိုက်ချေမှုန်းမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ်(၁)တပ်ရင်းက အောက်တိုဘာ ၁၀ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကသာ-ထီးချိုင့်လမ်းအတိုင်းတက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန် ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၁ရက် မနေ့က တိုက်ခိုက်ခဲ့ကြပြီး တနေကုန်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းထဲက ကားနှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကချင်ပြည်နယ် #ကသာ #မိုးညှင်း #KIA #စစ်တပ်ယာဉ်တန်း #ကြားဖြတ်တိုက်ခိုက်မှု #တော်လှန်ရေးတပ်ပေါင်းစု #ပြည်တွင်းစစ်သတင်း#Kachin #Katha #Mohnyin #MilitaryConvoy #AmbushAttack #MyanmarResistance #MyanmarConflict #စစ်ကိုင်းတိုင်း #အင်းတော် #မဲဇာ #နတ်ရေတွင်းရွာ #လေကြောင်းဗုံးကြဲမှု #စစ်ရာဇဝတ်မှု #အရပ်သားသေဆုံးမှု #Sagaing #Indaw #AirStrike #JuntaAirStrikes #CivilianCasualties #WarCrimes #MyanmarCrisis